တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်  နိုဝင်ဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံခြင်းမှ ကင်းဝေးစေရန်အတွက်  ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်သူ့ ဝန်ဆောင်မှုရုံး ( One Stop Shop )၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်  တာမွေမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက " ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ပေးအပ်တဲ့ ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် စနစ်တကျ ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ အနေဖြင့် အထူးဂရုပြုဆောင်ရွက်ကြဖို့ များစွာလိုအပ်ပါကြောင်း၊ ၂၀၂၀-ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် သက်ဆိုင်ရာ မဲရုံများအတွက် ထုတ်ပေး ထားတဲ့ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး ပစ္စည်းများအား စာရင်းဖြင့် စနစ်တကျ အပ်နှံကြဖို့ မှာကြားချင်ပါကြောင်း၊ ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် လမ်းများ အလိုက် အသံချဲ့စက်များဖြင့် စဉ်ဆက် မပြတ် လိုက်လံ အသိပေးနှိုးဆော်ကြဖို့ တိုက်တွန်း ချင်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေသည့် ကာလဖြစ်သော်လည်း ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက် ပေးခဲ့ကြပါသော မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း " စသည်ဖြင့် ပြောကြား ခဲ့ပြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းနှင့် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းတို့က မြို့နယ် အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများကလည်း မြို့နယ်အတွင်း ၎င်းတို့အနေဖြင့် ဆောင်ရွက် နေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များအား ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)