ချောင်းဦး နို၀င်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ဘူတာကျေးရွာ ဟင်းသီးဟင်းရွ က်စိုက်ပျိုး ထားသော တောင်သူများ ၊ အောင်ချမ်းသာကျေးရွာ နှင့် ခင်မွန်ကျေးရွာ မိုးစပါး CERP အစီစဉ်ဖြင့် စိုက်ပျိုးထား သော မျိုးသန့်မျိုးစေ့ထုတ် တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံနှင့်အဖွဲ့သည် နိုဝင်ဘာလ (၁၂) ရက်၊ နံနက်(၁၀)နာရီ အချိန်က တောင်သူများအား နည်းပညာများ ရရှိနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟင်းသီးဟင်းရွက် စိုက်ပျိုးထားသောတောင်သူများနှင့်တွေ့ဆုံဆွေးနွေးရာ ဓာတုဆေး များ လျော့ချသုံးစွဲရန် ၊ ကုန်ကျစရိတ်သက်သာပြီး မြေဆီလွှာအတွက်အကျိုးရှိသော EM ဘိုကာရှီ သဘာဝမြေဆွေးပုံ နှင့် အမြန်သုံး စူပါဘိုကာရှီ ပြုလုပ်သုံးစွဲနည်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သဘာဝမြေဩဇာ နှင့် သဘာဝပိုးနှင်ဆေးတို့သည် ကုန်ကျစရိတ်သက်သာ သည့်အပြင် ထွက်ရှိ လာသော သီးနှံထွက်ကုန်များ၏ အရည်အသွေးကောင်းမွန်ကြောင်း ၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်ကြောင်း၊ စိုက်ပျိုးရေးဦးစီး ဌာန ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာ တာဝန်ခံ ဦးအောင်ဆွေဦး က ထပ်မံ၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ အောင်ချမ်းသာကျေးရွာ နှင့် ခင်မွန် ကျေးရွာရှိ မိုးစပါး CERP အစီစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား စိုက်ခင်းများတွင် ဆစ်ပိုး ၊ ဖြုတ်ပိုး ၊ ကြွက်မကျရောက်စေရန် ၊ ဆန်နီပင်များ ကင်းရှင်းစေရန် နှင့် ပေါင်းမြက်ကင်းရှင်းစေရန်လည်း စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုး နည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံနှင့်အဖွဲ့က စိုက်ခင်း အတွင်း ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့် ခင်မွန်စိုက်ပျိုး နည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံနှင့်အဖွဲ့၊ ဘူတာကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ခင်မွန်ကျေးရွာတို့မှ တောင်သူများ နှင့် စိုက်ပျိုးရေးပညာရှင်ကွင်းဝန်ထမ်းများက စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)