ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းရွာသစ် ဇွန် ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များစာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့်စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော “လူထုသိပ္ပံကျမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးရဲလင်းနောင်က သိပ္ပံပညာသည် အသိဉာဏ်မည်သည်။ သိပ္ပံပညာရပ်များသည် ပညာရပ်အလိုက်လူကို အသိဉာဏ် ပေးကြသည်။ လူ့ဘဝတွင် နေ့စဉ်နှင့်အမျှ ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ ဖြေရှင်းရန်အတွက် အသိဉာဏ်ကို အသုံးပြုရသည်။ ထိုအသိဉာဏ်များ တိုးတက်ပွားများစေရန် ရည်ရွယ်၍ “လူထုသိပ္ပံကျမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်း၊ စာစုပေါင်း(၉)စုပါဝင်ပြီး စကြဝဠာ၊ ကမ္ဘာမြေ၊ ဘဝအကြောင်းရပ်၊ ကမ္ဘာ့အပင်၊ ကမ္ဘာ့တိရိရစ္ဆာန်၊ လူ၊ ဒြပ်နှင့်စွမ်းအင်၊ စက်မှုလက်မှုနှင့်လူ့အဖွဲ့အစည်း စသည်တို့အကြောင်းအရာများ ပါဝင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်အဖွဲ့ဝင်များက စကြဝဠာ၊ ကမ္ဘာမြေနှင့်ကမ္ဘာ့အပင်များဆိုင်ရာ အကြောင်းအရာများကို အကျဉ်းချုပ်အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)