ပေါက်ခေါင်း ဇွန် ၁၂
ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကဗျာရေးဖွဲ့နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
သင်တန်းတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ သင်တန်းဆရာ ကဗျာဆရာ ဦးသိန်းဇော်ဦး၊ တီဇက်အို(ပေါက်ခေါင်း)က သင်တန်းသား၊ သင်တန်းသူများအား အခြေခံကဗျာ ရေးဖွဲ့နည်း၊ ကဗျာအမျိုးအစားများ၊ ကဗျာဖန်တီးမှုအနုပညာနှင့် မိမိရေးသားမည့် ကဗျာအကြောင်းအရာ ရွေးချယ်ပုံများကို ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ကဗျာစာပိုဒ်အား အသံအနေအထားဖြင့် ရွတ်ဆိုဖတ်ကြားပြခဲ့သည်။ ကဗျာဆရာကြီးတီဇက်အို(ပေါက်ခေါင်း)မှ သင်တန်း(၃)ရက်တာကာလအတွင်း သင်တန်းသား များအား ရတုကဗျာလေ့လာချက်၊ လေးဆစ်၊ လေးချိုး၊ ဒွေးချိုးကဗျာ၊ တြိချိုးကဗျာ၊ သံပေါက်နှင့်လင်္ကာကဗျာရေးစပ်နည်းများကို စနစ်တကျ သင်ကြားပြသပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ကဗျာဝါသနာပါသူ လူငယ်များအပါအဝင် သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ ဇွန်လ ၁၂ ရက်မှ ၁၄ ရက်ထိ (၃) ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)