ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

  ကျောက်တန်း   ဖေဖော်ဝါရီ   ၂၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတွင်း စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ခဲ့သည့် ကျေးရွာများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ကျေးရွာသန့်ရှင်းသာယာရေး၊ စွန့်ပစ်အမှိုက်ကင်းစင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ရေး စသည့်အသိပညာများ ဆွေးနွေးပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးထွန်းလတ်၊ မြို့နယ်အင်ဂျင်နီယာ ဒေါ်ခြူးခက်စုနိုင်တို့က  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများကို ချောင်းစောက်ကျေးရွာ၊ ဇွဲကနာကျေးရွာနှင့် ကမာကလုတ်ကျေးရွာတို့တွင် အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီ  ကျေးရွာများမှ ပရဟိတ အဖွဲ့များနှင့်အတူ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

အမှိုက်ကောက်ပြည်သူများ၊ ပရဟိတအဖွဲ့သားများအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နံနက်စာ ပလာတာ အာဟာရ ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

"ကျွန်တော်ရွာရဲ့ လုပ်ဆောင်မှုတွေကို အထက်အကြီးအကဲအဆင့်ဆင့်က ယခုလိုဂုဏ်ပြု ပေးတယ်ဆိုတော့ အတိုင်းမသိဝမ်းသာမိပါတယ်၊ ကျွန်တော်တို့ရွာတွေရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြတဲ့ တာဝန်ရှိသူများကိုလည်း အထူးကျေးဇူး တင်ပါတယ်" ဟု  ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ခင်ဆွေဝင်း(ကျောက်တန်း)