ဆန်စပါး၊ သီးနှံများအား ရာသီမရွေး အချိန်အခါမရွေး ဈေးကွက်သို့ အချိန်မီပို့ဆောင်နိုင်ရန် ပုဂံတောင်ကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား စစ်ဆေး

ရန်ကုန် မတ် ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ ထွက်ကုန် သီးနှံများကို ဈေးကွက်သို့ ကုန်ကျစရိတ်အနည်းဆုံးနှင့် ရာသီမရွေးပို့ဆောင်နိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းအား ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီက သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာတွင် ဖောက်လုပ် လျက် ရှိသော ကျေးလက်ကုန်ထုတ်ဂဝံလမ်း၊ စံချိန်စံညွှန်းပြည့်မီရေး ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးထွန်းဝင်းလတ် နှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၁၄၅ ဒသမ ၆၈၁) သန်းဖြင့် ဆောင်ရွက်နေသော အရှည် ၁မိုင် ၆ ဒသမ ၅၉ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ သန်လျင်မြို့နယ် ပုဂံထောင်ကျေးရွာ ကျေးလက်ကုန်ထုတ်ဂဝံလမ်းအား တင်ဒါအောင်မြင်သော နန်းမြို့တော်ကုမ္ပဏီမှဆောင်ရွက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် နည်းပညာပိုင်း ဆိုင်ရာ မှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်ထုတ်လမ်းပြီးစီးပါက ပုဂံထောင်ကျေးရွာရှိ ဆန်စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အနေဖြင့် မိမိတို့လယ်ယာမှထွက်ရှိသော ဆန်စပါးသီးနှံများအား ရာသီမရွေး အချိန်အခါမရွေး ဈေးကွက်သို့ အချိန်မီပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)