ကျောက်တန်း ဇွန်လ ၁၇
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာဖြစ်သော အနောက်ပိုင်းရပ်ကွက် လမ်းမတော်လမ်းရှိ ၂၁၆ စျေးရှေ့တွင် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် လူထူအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ စီမံအဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်သန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးစောအယ်ဒို ဖိတ်ကြားထားသော ဌာနဆိုင်ရာတို့က မြေစိုက်ပိုစတာကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးဆိုင်ဘုတ်အား နံ့သာရေပက်ဖျန်းပေးခဲ့သည်။
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် နိုင်ငံတော်စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသောလုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းရရှိစေရန်အတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၄အောက်တိုဘာ၁ရက်နေ့မှ၁၅ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး လက်ကမ်းစာစောင်များကို ရပ်ကွက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်ဆက်)