ပေါက်ခေါင်းမြို့နယ် အ.ထ.က(အိုးဘိုကုန်း) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း    ဇွန်   ၁၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတ ရရှိစေ‌ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင် ပြသခြင်းကို ယနေ့နံနက် ၉ နာရီက အထက(အိုးဘိုကုန်း)ကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က  ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်စေရန် သိသင့် သိ ထိုက်သည့် အကြောင်းအရာများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုရရှိရန် စာများများ ဖတ်ကြရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုး အကြောင်းအရာများနှင့်‌ ရှောင်ကြဥ်ကြရမည့် အချက်များကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်လုပ်ငန်းအဖြစ် ဒုတိယဦးစီးမှူးဦးသိန်းထွန်းစိုးနှင့်ဝန်ထမ်းများက အသိပညာတိုးပွားစေမည့် ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့်ပုံပြင်‌ပြောပြခြင်း၊  ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ပေါ်မှ စာအုပ်များအား ဖတ်ရှု‌စေခြင်းနှင့် မူးယစ်ဆေးဝါး အသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ‌ပေး၊ သဘာဝ‌ဘေးဆိုင်ရာ အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)