ပန်းတောင်းမြို့နယ် အ.ထ.က (ဂုံညှင်းတန်း) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပန်းတောင်း ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုး​တက်စေရန်၊ စူးစမ်းလေ့လာမှု အားကောင်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက် (၉) နာရီအချိန်က အ.ထ.က (ဂုံညှင်းတန်း) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

အခမ်းအနားတွင် ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှိုင်တင့်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဒန်နှင့် ထုတ်လုပ်ရေးဌာန-၂ ဌာနမှူး ဒေါ်ခေါန်နူးမင်းနိုင်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များ အချင်းချင်းတိုင်ပင်ညှိနှိုင်း ဆွေးနွေးတတ်စေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန်၊ မိမိတို့သိထားသော ဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အ.ထ.က (ဂုံညှင်းတန်း) ကျောင်းမှ မောင်ပြည်စုံခန့် Grade-10 က “လူငယ်နှင့်ဇွဲ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ဇွဲခန့်ရှိုင်း Grade-10 က “လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသူဇာဗိုလ် Grade-10 က “လူငယ်များသို့” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မအေးသူဇာ Grade-10 က “လူငယ်နှင့်အခွင့်အလမ်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မရွှန်းလဲ့နေခြည် Grade-10 က “လူငယ်နှင့်အောင်မြင်မှု” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၁၆၅) ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)