ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ကျင်းပမည့် တက္ကသိုလ်စာမေးပွဲတွင် ဖြေဆိုရန်လျှောက်ထားသူဦးရေ ၃၆၈၈ ဦးရှိပြီး ကျောင်းသားကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

ပွင့်ဖြူ      ဖေဖော်ဝါရီ       ၂၃

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် ၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် လျှောက်ထားသူ ၃၆၈၈ ဦးရှိကြောင်း သိရပြီး ဖြေဆိုရန်လျှောက်ထားသည့် ကျောင်းသားကျောင်းသူများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာစာစစ်ဌာန ကျောင်းများတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပွင့်ဖြူမြို့နယ်၌ ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ ၃၄၃၃ ဦးရှိခဲ့ရာ ယခုနှစ် တွင် ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ ယခင်နှစ်ထက် ၂၀၀ ဦးကျော်ခန့် ပိုမိုများပြားလာကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ တစ်နှစ်ထက် တစ်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူဦးရေ များလာမှုကြောင့် ယခင်က စာမေးပွဲကျင်းပရန် စာစစ်ဌာန (၆)ခုသာ သတ်မှတ်ထားရှိပေးခဲ့ရာ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှစတင်ကာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မဲဇလီ(အ.ထ.က) စာစစ်ဌာနတစ်ခု ထပ်မံတိုးချဲ့ ဖွင့်လှစ်ခွင့်ရရှိသဖြင့် စုစုပေါင်း စာစစ်ဌာန (၇)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် ထံမှ သိရသည်။

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပွင့်ဖြူမြို့နယ်၌ စာစစ်ဌာန(၇)ခုဖြင့် ကျင်းပခဲ့ရာ ဖြေဆိုရန် လျှောက်ထားသူဦးရေ ၃၄၃၃ ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူဦးရေ ၃၃၂၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ စုစုပေါင်း ဖြေဆို အောင်မြင်သူဦးရေ ၁၃၁၇ ဦး ရှိကြောင်းလည်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )