ကြို့ပင်ကောက် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်မြင်ခြင်းရဲ့အုတ်မြစ်စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်နုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စာပေချစ်သူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်သီတာက ကံဆိုသည်မှာ စေတနာခေါင်းစဉ်အားဖတ်ကြား၍ မြို့နယ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်ဇာခြည်လွင်က အောင်မြင်ခြင်းရဲ့အုတ်မြစ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်နုက စာရေးသူ၏ရည်ရွယ်ချက် ဖြစ်သော တာဝန်သိစိတ်ရှိသောသူတစ်ဦး၏ လုပ်ချင်ကိုင်ချင်စိတ်နှင့် လုပ်တတ်ကိုင်တတ်ခြင်းတို့ကို ထင်ရှားပေါ်လွင်အောင်ရေးသားထားသော အချက်အလက်များအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လစဉ်စာဖတ်ဝိုင်းများ ဆွေးနွေးပွဲစကားဝိုင်းများကျင်းပ၍ လူငယ်လူရွယ်များပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုလာတတ်စေရန် အသိပညာဗဟုသုတ ပြန့်ပွားစေရန်နှင့် စာပေဖတ်ရှုမျှဝေဆွေးနွေးခြင်းဖြင့် စာဖတ်လိုစိတ်များ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)