စစ်ကိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ တစ်ကိုယ်တော်ပန်းချီပြပွဲ ကျင်းပ

စစ်ကိုင်း   ဖေဖေါ်ဝါရီ     ၂၃

ပန်းချီဆရာ အောင်မျိုးမြင့်(စစ်ကိုင်း)၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက စစ်ကိုင်းမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြသခဲ့သည်။

"စစ်ကိုင်းမြို့မှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ပန်းချီပြသခွင့်ရရှိခဲ့တာက ကျွန်တော့်ဘဝမှာ အလိုအပ်ဆုံးဟာတစ်ခုကို လုပ်ခွင့်ရလိုက်တာပါ၊ ပျော်ရွှင်ပီတိဖြစ်မိပါတယ်၊ လွန်ခဲ့တဲ့ နှစ်တွေမှာ အဖွဲ့လိုက်နှစ်ကြိမ် ပြသခဲ့ဖူးပါတယ်၊ ယခုပြသထားတဲ့ပန်းချီကားတွေက စစ်ကိုင်း၊ အမရပူရ၊ အင်းဝနှင့် အခြားမြို့များ၏ ယဉ်ကျေးမှုနယ်မြေများကို ကျွန်တော်ကိုယ်တိုင် သွားရောက်၍ အထင်ကရနေရာများရဲ့ တွေ့မြင်ရသည့်ခံစားမှုများကို ပုံဖော်ရေးဆွဲ ထားခြင်း ဖြစ်ပြီး နောင်မျိုးဆက်သစ် လူငယ်များ ပန်းချီပညာ၏ရသကိုခံစား စိတ်ဝင်စားလာကြစေရန် ရည်ရွယ်ပြီး ပြသတာ ဖြစ်ပါတယ်"ပန်းချီဆရာ အောင်မျိုးမြင့် (စစ်ကိုင်း)က ပြောပြခဲ့သည်။

ပြပွဲတွင် အခရိုင်းလစ်ပန်းချီကား(၁၃)ကားနှင့် ရေဆေးပန်းချီကား(၃၇)ကားကို  ဖေဖော်ဝါရီ (၂၃)ရက်မှ ဖေဖော်ဝါရီ(၂၅)ရက်အထိ စစ်ကိုင်းမြို့ လူထုအခြေပြု ဗဟိုဌာနမှာ နံနက်(၉)နာရီခွဲမှ ညနေ(၅)နာရီအထိ ပြသပေးမှာဖြစ်ကြောင်းနှင့် မည်သူမဆိုလာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။       

အဆိုပါပန်းချီပြပွဲသို့ စစ်ကိုင်းမြို့မိ၊ မြို့ဖအဖွဲ့ဝင်များ၊ ပန်းချီဆရာများနှင့် မြို့နယ်အတွင်းမှ မီဒီယာများ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။                                                                                                                              

မျိုးဝင်း(ခရိုင်ပြန်/ဆက်)