ကော့မှူး ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က “စာအုပ်စာပေလူမိတ်ဆွေ”ဆိုသည့်အတိုင်း အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေများကို ဖတ်ရှုကြရန်၊ လူကြီးများမှတဆင့် လူငယ်များသို့ စာဖတ်ခြင်းကိုအချိန်ပေး၍ အလေ့အကျင့်ကောင်းလေးတစ်ခုအနေဖြင့် ပြုလုပ်ပေးသင့်ကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးခင်ဇော်က စာရေးဆရာ ထက်ခိုင်ရေးသားသည့် “စေတနာလမ်းက လျှောက်ခဲ့ပါ အမေ့ရင်ခွင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် မောင်ကျော်သီဟကစားလည်း “ဒီစိတ်အိပ်လည်း ဒီစိတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးမြလင်းက “တာဝန်”ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြိုနယ်စာရေးဆရာအတွင်းရေးမှူး ဦးခင်ဇော်က ဆွေးနွေးရာတွင် “အမေ၏ ရင်ခွင်တွင် သားကောင်းတစ်ယောက် ငယ်ငယ်ကသား၊ ကြီးသော်အား၊ ငယ်ငယ်ကသား ကြီးသော်ဓားဟုပင်တန်ဖိုးထားအားထားတွေးတောနေလေသလားမသိကြောင်း၊ အမေသည်စာမတတ်ရှာသည့်အပြင် အရွယ်ကောင်းစဉ်တွင်လည်း ခင်ပွန်းဆုံးပါးသွားသဖြင့် သားသမီးများအား အမျိုးမျိုးရုန်းကန်ပြီး လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့ကြောင်း၊ မုဆိုးမပင်ဖြစ်သော်လည်း လောကဓံကိုကြံ့ကြံ့ခံပြီး ရပ်တည်ခဲ့ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)