အုတ်ဖို ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က အ.လ.က ချမ်းမြသာမြေ၊ ပြည်ထောင်စုခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် ဒုတိယ မြို့နယ်ပညာရေးမှူး ဒေါ်မြမြထွေးတို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က ကျောင်းသား/ ကျောင်းသူများ အားလပ်ချိန်များတွင်စာဖတ်ခြင့်ဖြင့် အကျိုးရှိစွာ အသုံးပြုကြရေး၊ စာကြည့်တိုက်မှ စာအုပ်များလာရောက်ဌားရမ်းဖတ်ရှုကြရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကိုကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွားစေရေး အတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ် အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်းနှင့် စာပေလေ့လာဖတ်ရှုကြပါဆိုသော ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းဆရာဆရာမများ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်၊၊
အောင်သူ (အုတ်ဖို)