ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ စာရေးဆရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများ

ပဲခူး ဇွန် ၂၅

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်စကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် ပတ်သက်၍ စာရေးဆရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိရပါတယ်-

စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးတွင် ဆရာမအနေဖြင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ် ဒီပွဲတော်မျိုးကြီးကို မကြာခဏကျင်းပပေးသင့်ပါတယ် ကလေးတွေရဲ့ စာဖတ်ရှိန်မြှင့်တင်ရေး၊ နှုက်မှုစွမ်းရည်မြင့်မားရေး၊ စကားအရာကျွမ်းကျင်မှုတွေ ဒါတွေဟာ ကျပန်းစကားပြောပြိုင်ပွဲတွေ စာဖတ်စွမ်းရည်ပြိုင်ပွဲတွေ ကဗျာပြိုင်ပွဲတွေ ပုံပြင်ပြောပွဲတွေကနေပြီး ရရှိတာဖြစ်ပါတယ် ခုလိုပြိုင်ပွဲတွေကျင်းပပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများကနေပြီး ခေါင်းဆောင်ကောင်းတွေ များစွာပေါ်ထွန်းလာမှာဖြစ်ပါတယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကို ပဲခူးမြို့မှာ ကျင်းပနေသလို အခြားမြို့နယ်များမှာလဲ  ကျင်းပပေးသွားမှာဖြစ်ကြောင်းကိုလည်း ကြားသိရပါတယ် နှစ်စဉ်နှစ်စဉ်လဲ ကျင်းပပေးသင့်ပါတယ် ဒီလိုပွဲတော်တွေကျင်းပပေးခြင်းဖြင့် လူငယ်တွေ စာဖတ်အားကောင်းလာပြီး လိမ္မာယဉ်ကျေးခြင်း၊ ရိုးဖြောင့်ခြင်းတွေကို ဒီပွဲတော်ကြီးကနေ ရရှိသွားမှာဖြစ်ပါတယ်လို့ ပြေကြားချင်းပါတယ်။

ဒေါ်အေးသက်မွန်၊ ပဲခူးမြို့နယ်ပညာရေးမှူး

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျွန်မတို့ ဇွန် ၂၂ ရက်နေ့ကနေစပြီး ပြိုင်ပွဲတွေကျင်းပပေးခဲ့ပါတယ် ယနေ့ ၂၄ ရက်နေ့မှာတော့ စာပေဟောပြောပွဲနဲ့ ဆုပေးပွဲကို ကျင်းပခဲ့ပါတယ် ယခုလိုပြိုင်ပွဲတွေကို ကျင်းပဖို့အတွက် ပြိုင်ပွဲအသီးသီးလိုက် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲအလိုက် ရွေးချယ်ရပါတယ် ရွေးချယ်ရာမှာလဲ ကျောင်းအုပ်အားလုံးကို အစည်းအဝေးခေါ်ပြီး စာကြည့်တိုက်ကို အသုံးချနိုင်အောင် စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေကိုဖတ်ပြီးတော့ ပေးထားတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်အပေါ်မှာ ယှဉ်ပြိုင်နိုင်အောင် လေ့ကျင့်ပေးရန်မှာကြားထားပါတယ် ကျောင်းသား၊ ကျောင်းသူများအားလုံးကို စာကြည့်တိုက်ကို အသုံးချပြီး စာစီစာကုံး၊ စာဖတ်စွမ်းရည်၊ ကဗျာရွက်နဲ့ ပုံပြောပြိုင်ပွဲတွေမှာ ရလာဘ်အနေနဲ့ အားရကျေနပ်မှု ကောင်းပါတယ် ယခုကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုတဲ့ ခေါင်းစဉ်အတိုင်း ရည်မှန်းချက်ပေါက်မြောက်တာဖြစ်တဲ့အတွက် ကျွန်မတို့ အခြေခံပညာကျောင်းတွေမှာ ကျင်းပပြီးတဲ့နောက် ဆက်ပြီးတော့ စာကြည့်တိုက်ကို ပိုမိုအသုံး ချတက်လာမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ် နောက်နှစ်တွေမှာလည်း ခုလိုပွဲတော်တွေကို ကျင်းပပေးပါလို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို အကူအညီတောင်းလိုပါတယ် ကျွန်မတို့အခြေခံပညာကျောင်းများ အနေနဲ့ကလည်း နောက်နှစ်များမှာယခုထက်ပိုပြီး ပူးပေါင်းပါဝင် သွားပါမယ်လို့ ပြောကြားလိုပါတယ်။

မခိုင်သီရိဇင်၊ Grade-10

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း

သမီးအနေနဲ့ ယခုကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျပန်းစကားပြောပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါတယ်ရှင် သမီးတို့ကျောင်းသား၊ ကျောင်းသူစာဖတ် ထားသူတွေအတွက် သိထားတဲ့အကြောင်းအရာတွေအပေါ်မှာ ပရိတ်သတ်တွေကိုမျှဝေခွင့်ရခဲ့ပါတယ် သမီးတို့ ကိုယ်တိုင်ရေးဆက်ထားတဲ့ ကဗျာလေးတွေ သီချင်းလေးတွေနဲ့ပြောပြီးတော့ စင်ပေါ်မှာ ယှဉ်ပြိုင်တယ်ဆိုတာထက် သမီးတို့သိထားတာလေးတွေကို ပရိတ်သက်ကို မျှဝေချင်းတာပါ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျေနပ်ပါတယ်ရှင် ပထမဆုရရှိခဲ့တဲ့အတွက် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမများနဲ့ အမိကျောင်းတော်ကြီးကိုလည်း ကျေးဇူးတင်သလို အရမ်းလဲပျော်ပါတယ်ရှင့် ဒီလိုပွဲတော် ကျင်းပပေးတဲ့အတွက်   လူငယ်တွေ     ကျောင်းသား၊   ကျောင်းသူတွေဟာ    စာဖတ်ရမယ်ဆိုတာရယ် စာအုပ်စာပေဟာ လောကမှာ ဘယ်လောက်တောင်အရေးကြီးတယ်ဆိုတာ သိသွားကြပါတယ် ဒါ့အပြင် စာကြည့်တိုက်တွေ စာအုပ်စာပေဆိုင်တွေမှာ စာဖတ်သူအရေးအတွက် ပိုမိုများပြားလာမယ်ဆိုတာ သမီးယုံကြည်ပါတယ် သမီးအပါအဝင် ကျောင်းသား၊ ကျောင်းသူတွေဟာ အရင်လို ကျောင်းစာပြီးရင် ဖုန်းအသုံးပြုပြီးဂိမ်းဆော့တဲ့အချိန်တွေမှာ စာအုပ်တွေဖတ်ရှုကြမယ်လို့ ယုံကြည်ပါတယ်ရှင်။

မကြယ်စင်ရှင်းသန့်၊ Grade-4

MMH(ကိုယ်ပိုင်ကျောင်း)

သမီးဒီနေ့ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကဗျာရွတ်ပြိုင်ပွဲကို ဆုရရှိခဲ့တဲ့အတွက် သမီးအရမ်းပျော်ပါတယ်ရှင် မိဘတွေကိုလည်း ဆုရအောင် ကြိုးစားမယ်လို ပြောထားပါတယ် ဆုလည်းရပါတယ်ရှင့် နောက်နှစ်တွေမှာဆိုရင် ဒီထက်ပိုမိုကြိုးစား သွားပါမယ်ရှင်။

မခြူးတိမ်လွှာထက်၊ Grade-11 (နှစ်ထပ်ကွမ်းလူရည်ချွန်)

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေကြီးမှူးကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ သမီးအနေနဲ့ အထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါတယ်ရှင် ဒီပြိုင်ပွဲကို ပထမဆုရရှိအောင် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာ၊ ဆရာမတွေက ဝိုင်းဝန်းပံ့ပိုပေးခဲ့ပါတယ် ခုလိုမျိုး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နောက်နှစ်တွေမှာ လည်း ကျောင်းသား၊ ကျောင်းသူတွေအတွက် ပြုလုပ်ပေးမယ်ဆိုရင် များစွာအကျိုးရှိတယ်လို ထင်မိပါ တယ်ရှင် ဘာလိုလဲဆိုရင် သမီတို့ကျောင်းသားလူငယ်တွေဟာ ကျောင်းစာမှာဘဲ အချိန်ကုန်နေကြပါ တယ်ရှင့် စာဖတ်တဲ့လူနဲ့ စာမဖတ်တဲ့လူနဲ့က ရင့်ကျက်မှုများစွာကွာခြားလှပါတယ်ရှင့် ဘာလို့လဲဆိုရင် စာဖတ်အားကောင်းလာတဲ့အတွက် စာစီစာကုံးတွေ၊ Essay တွေရေးလာနိုင်တဲ့အတွက်  မြန်မာစာ၊ အင်္ဂလိပ်စာတွေမှာ ဂုဏ်ထူးထွက်ဖို့များစွာအထောက်အကူဖြစ်လာပါတယ်ရှင့် စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နောက်နှစ်တွေမှာလည်း ပြုလုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်။

မနန်းအိဝါ၊ Grade-10

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေကြီးမှူးကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စာဖတ်စွမ်းရည်ပြိုင်ပွဲမှာ ပထမဆုရရှိတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်ရှင့် ဒါ့အပြင် ကျောင်းဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့အတွက် ပီတိဖြစ်မိပါတယ် ခုလိုပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် သမီးတို့လို ကျောင်းသား၊ ကျောင်းသူတွေ နောက်ထပ် ဘဝတစ်သတ်သာ ပညာရှာမှီလိုသူတွေအတွက် စာကြည့်တိုက်တွေမြှင့်တင်ပြီး စာဖတ်ရှိန်တွေမြှင့်မား လာအောင်ဆောင်ရွက်ပေးတဲ့အတွက် ပညာပြည့်ဝ၊ နှလုံးလှလာစေနိုင်ပြီး အသိပညာများစွာကို ရလာပါတယ် အနာဂတ်အတွက် ဦးဆောင်ဦးရွက်ပြုလာနိုင်သူတွေဖြစ်လာမယ်လို့ သမီးယုံကြည်ပါ တယ်ရှင့်။

တွေ့ဆုံမေးမြန်/ဓာတ်ပုံ(ချစ်ချစ်သန်း၊ စိုးမိုးအောင်)