သထုံမြို့၌ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

သထုံ   ဖေဖော်ဝါရီ    ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်းကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကာ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်လွင်တို့က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာသထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် မဲဆန္ဒနယ်မြေအမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူတို့က ဒေသခံပြည်သူများအား ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ပြောကြား နိုင်ရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ကျေးရွာချင်းဆက်လမ်းနှင့် ချောင်းကူးတံတား ဆောင်ရွက်ပေးရေး၊ ကျေးရွာစာသင်ကျောင်း၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ ကျေးလက်ကျန်းမာရေး ဝန်ထမ်းဖြည့်တင်းပေးရေး၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များ ပြုလုပ်ပေးရေးစသည့် မိမိတို့ကျေးရွာအလိုက် ဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဆွေးနွေးရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများက ဆောင်ရွက်ပေးနိုင် သည့်ကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဝင်းဖုန်းကျေးရွာနှင့် ဝန်းကျင်ရှိကျေးရွာ (၃) ရွာ တို့မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်ဦး(သထုံ)