We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့သို့ ကူညီပါဝင်ဆောင်ရွက်ပေးသူများအား ဂုဏ်ပြု မှတ်တမ်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပဲခူး နိုဝင်ဘာ ၁

ပဲခူးမြို့ သီရိဟံသာခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များ အဖွဲ့သို့ ကူညီပါဝင်ဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ We Love Bago စုပေါင်းစွမ်းအား ကမ်းလက်များအဖွဲ့၏ နာယက ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦး‌အောင်ဇော်လတ်က အဖွင့်အမှာစကားပြောကြားပြီး ဥက္ကဋ္ဌ ဦးတင်စိုးက ကူညီပါဝင်ဆောင်ရွက်ပေးသူများအား ဂုဏ်ပြုလက်မှတ်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် We Love Bago စုပေါင်းစွမ်းအားကမ်းလက်များအဖွဲ့၏ နာယကများဖြစ်သည့် ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်‌ဇော်လတ်၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ ဥက္ကဋ္ဌ ဦးတင်စိုးနှင့် အဖွဲ့ဝင်များက အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှူဖြင့် ပဲခူးမြို့ပေါ်ရပ်ကွက် အသီးသီးသို့ သွားရောက်လှူဒါန်းရာတွင် ဦးဆောင်ကူညီ ပါဝင်ဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ကူညီပါဝင်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုလက်မှတ်ပေးအပ်ရခြင်း အခမ်းအနားကို ပဲခူးမြို့ ရပ်ကွက်အသီးသီးတွင် နေထိုင်ကြသည့် စားဝတ်နေရေး ခက်ခဲနေသော အိမ်ထောင်စုပေါင်း(၁၀၀၀၀)ကျော်အား အခြေခံစားကုန်များ လှူဒါန်းရာ တွင် ကူညီပါဝင် ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား မှတ်တမ်းတင်ဂုဏ်ပြုပွဲ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)