ရန်ကုန် နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ လူ့ဘဝခရီး လူမှုအထောက်အကူပြုအဖွဲ့ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြု နိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကား ဝယ်ယူနိုင်ရန်အတွက် ဒေါ်နော်နီဆက်တင်ထူးမှ ငွေကျပ်(၅)သိန်း၊ ဒေါ်နော်ဂေးထူး မိသားစုမှ ငွေကျပ်(၃)သိန်း၊ ကိုစိန်ဝင်း မိသားစုမှ ငွေကျပ်(၂)သိန်း၊ ဒေါ်စန်းမြင့်အား အမှူးထား၍ မောင်နှမများ မိသားစုမှ ငွေကျပ်(၁)သိန်းခွဲ၊ ဒေါ်နော်ခင်မေလွင် မိသားစုမှ ငွေကျပ်(၁)သိန်း တို့ကို ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များက အသီးသီး လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အင်းစိန်မြို့နယ်၊ လူ့ဘဝခရီး လူမှုအထောက်အကူပြုအဖွဲ့ အနေဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကန့်သတ် စောင့်ကြည့်စင်တာ (၆)ခုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပြီး အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)