ပြည်မြို့ ဆင်စုရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၁၁၇)စုအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ ၂၀၀၀၀ ကျပ်စီပေးအပ်

ပြည်   နိုဝင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဆင်စုရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၁၁၇)စု အတွက် နိုင်ငံတော်မှထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းနှုန်းစီကို တာဝန်ရှိသူများက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းတွင် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေး အပ်လျက်ရှိကြောင်း သိရသည်။

ဆင်စုရပ်ကွက်တွင် နိုင်ငံတော်မှ ပထမအကြိမ် ပေးအပ်ရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့်ပဲ စသည့်အခြေခံ စားသောက်ကုန် (၅)မျိုးကို လည်းကောင်း၊ ဒုတိယအကြိမ်တွင်  ငွေကျပ် (၁၅၀၀၀/-)  နှုန်းစီဖြင့် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍ တတိယ၊ စတုတ္ထနှင့် ပဥ္စမ အကြိမ်တို့တွင်လည်း ငွေကျပ်(၂၀၀၀၀)နှုန်းစီဖြင့် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယခု ဆဌမအကြိမ်မြောက် ထောက်ပံ့ ပေးအပ်ခြင်းသည် ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စုစုပေါင်း (၁၁၁၇)စု အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်း (၂၀၀၀၀/-) နှုန်းစီ ပေးအပ်ခြင်းဖြစ်ကြောင်း ဆင်စုရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှသိရသည်။

ပြည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၆၉)အုပ်စုရှိပြီး ယင်းအနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား စုစုပေါင်းအိမ်ထောင်စုမှာ  (၃၂၃၃၆) စုရှိကြောင်း၊ ယင်းအခြေခံလူတန်းစား အိမ်ထောင်စုအားလုံးကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် တာဝန်ရှိသူများက နိုင်ငံတော်မှ ယခုအကြိမ်  ပေးအပ်သည့် ထောက်ပံ့ငွေများကို လက်ဝယ် အရောက် စနစ်တကျ ပေးအပ် လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးထံမှသိရသည်။

မျိုးကျော်ကြီး (ပြန်/ဆက်)