သံဖြူဇရပ် နိုဝင်ဘာ ၁၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ရာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို သံဖြူဇရပ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်က အမှာစကားပြောကြားရာတွင် “မဲရုံလုံခြုံရေးတာဝန်အတွက် အထူးရဲတပ်ဖွဲ့ဝင်များအား အောက်တိုဘာ(၁)ရက်နေ့မှ (၂၈)ရက်အထိ ရဲတပ်ဖွဲ့ဝင်များ နည်းတူ ရဲကျင့်ဝတ် ရဲစည်းကမ်း အပါအဝင် လေ့လာသင်ကြားရမည့် ဘာသာရပ်များကို လေ့ကျင့်သင် ကြားပေး ခဲ့ပြီးနောက် ရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များကို မဲရုံအသီးသီးသို့ ပို့ဆောင်သည်မှ ဆန္ဒပြုမဲ လက်မှတ်များ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပြန်လည်ပို့ဆောင်အပ်နှံပြီးစီး သည်အထိ ရဲတပ်ဖွဲ့ဝင်များနည်းတူ တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ကျရာ မဲရုံအသီးသီးတွင်လည်း အုပ်ချုပ်မှု လျှော့နည်းဖြစ်စဉ်များ မဖြစ်ပွားဘဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ခဲ့သဖြင့် ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့ဝင်များကို ချီးကျူးဂုဏ်ပြု မှတ်တမ်း တင်ပါကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို သံဖြူဇရပ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူဝင်းဇော်နှင့် မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးအောင်ကျော်ထွေးတို့မှ အထူးရဲတပ်ဖွဲ့ဝင်(၇၆)ဦးတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)