ဝန်းသို နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် အရှည်ပေ ၁၅၀၀ကျော်ရှိ ရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေတို့ကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အရှည်ပေ(၁၅၀၀)ကျော်၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မရှိ ကွန်က ရစ်လမ်းခင်းခြင်းလုပ်ငန်း၊ လမ်းဘေးဝဲ/ယာ ရေမြောင်းတူးဖော်ထားရှိမှု၊ ကွန်ကရစ်လမ်းပေါ်ရှိ (၄)ပေ အကျယ် Box Culvert တစ်စင်းနှင့် ကွန်ကရစ်ရေပြွန်နှစ်စင်း ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို မြိုင်ဇေယျာကျေးရွာနှင့် ရေဝေ ကုန်းကျေးရွာ နှစ်ရွာတစ်ယူနစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ်သိန်း(၁၀၀)အသုံးပြုကာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဦးဆောင်မှုဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာရှိ အိမ်ခြေ(၇၈)အိမ်၊ လူဉီးရေ (၃၅၀) ကျော်တို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့တွင် များစွာအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)