ဘားအံ ဖေဖေါ်ဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အုန်းတပင်ကျေးရွာအုပ်စုနှင့် လှာကဒေါင်ကျေးရွာအုပ်စုတို့ကြား နိုင်းကြာဘုန်းတော်ကြီးကျောင်းအဝင်လမ်းအား အဆင့်မြှင့်တင်သည့် ကတ္တာရာလမ်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး လမ်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌက ကတ္တရာလမ်းပြုလုပ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားကာ အုန်းတပင်ကျေးရွာ အုပ်ချုပ်ရေးမှူး က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါလမ်းသစ်ကို နိုင်းကြားကျောင်းဆရာတော်၊ ဖါးအောက်တောရကျောင်းဆရာတော်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှထွန်း၊ အုန်းတပင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး နန်းမုနိခေါင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထိုလမ်းသည် ယခင်က မြေသားလမ်းအဖြစ်သာတည်ရှိပြီး နောင်လာနောင်သားများ သွားလာမှုအဆင်ပြေ ကောင်းမွန်စေရန်နှင့် လမ်းဘေးဝဲယာတွင် နေထိုင်ကြသော ကျေးရွာသူ၊ကျေးရွာသားများ၏ လူနေမှုဘဝအဆင့်မြှင့်တင် တိုးတက်လာစေရန်ရည်ရွယ်၍ နိုင်းကြာကျောင်းဆရာတော် အရှင်စန္ဒောဘာသ ၏ ဦးစီးဦးဆောင်မှုဖြင့် လွှတ်တော်ရန်ပုံငွေ၊ ပြည်နယ်အစိုးရထောက်ပံ့ငွေ၊ ရွာသူ၊ရွာသားများ၏ထည့်ဝင်ငွေတို့ဖြင့် အရှည် ၃၂၂၀ ပေ၊ အကျယ် ၁၄ ပေနှင့် ထု ၇ လက်မရှိ ကျောက်စီ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)