လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြင့်တင်ရေး Book Club  အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

လိပ်သို ဇူလိုင် ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ မင်းသန်းထိုက်(ဒေးဒရဲ)ရေးသားသော “စိတ်ပြင်ခြင်းအနုပညာ” အက်ဆေးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို မျှဝေဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်မေမြတ်မွန်က “မြန်မာဆိုရိုးစကားများထဲတွင် လူနေချုံကြား စိတ်နေဘုံဖျား” ဟူသော စကားတစ်ခွန်းရှိပါကြောင်း၊ ထိုဆိုရိုး၏အဓိပ္ပါယ်မှာ ကိုယ့်ရဲ့လက်ရှိဘ၀အခြေအနေသည် မည်မျှပင် အောက်တန်းနောက်တန်းကျနေပါစေ တစ်နည်းပြောရလျှင် ချုံကြားသို့ ရောက်နေသော်လည်း စိတ်ဓာတ်မှာ အောက်တန်းနောက်တန်းမကျစေဘဲ မြင့်မြတ်သောစိတ်ဓာတ်ရှိရမည်၊ အထက်တန်းစားစိတ်ရှိရမည်ဖြစ်ကြောင်း စသည်ဖြင့် “စိတ်ဓာတ်တွေ ဘုံဖျားရောက်ကြမှ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ Book Club အဖွဲ့ဝင်များက  မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက် စိတ်ထားများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာအုပ်စာစောင်ပြပွဲတွင် ခင်းကျင်းပြသထားသော ဂျာနယ်၊ ကဗျာ၊ ပုံပြင်၊ ဆောင်းပါးနှင့်  ရုပ်ပြများ စသည့် သုတ/ရသစာအုပ်များကို Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)