နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက် ဇူလိုင် ၄       

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ကျောင်းသား/သူများအား မူးယစ်ဆေးဝါးများကြောင့် လူနေမှုဘဝများ၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ မူးယစ်ဆေးအစဖြစ်သည့် ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအန္တရာယ်များအကြောင်း သိရှိစေပြီး နိုင်ငံ၏အနာဂတ်ဖြစ်သည့် ကျောင်းသား လူငယ်များအား မူးယစ်ဆေးဝါး၏ ကျေးကျွန်များဘဝ မရောက်ရှိစေရန်ရွယ်ရွယ်၍ ယခုလို အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ကြောက်မက်ဖွယ်ရာ အန္တရာယ်များအကြောင်း၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ဆက်လက်ပြီး ကျောင်းသား/သူများအား လူ့ဘဝတန်ဖိုးရှိအောင် ဗဟုသုတကို အခြေခံ၍ ပညာရှာကြစေလိုကြောင်း၊ ပညာတတ်ပြီး ဘဝလှပစေရန် အသိတရားကောင်းများ ရယူရမှာဖြစ်ကြောင်း၊ ဘဝတိုးတက်ဖို့အတွက် ကျောင်းစာအပြင် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်များ ဖတ်စေချင်ကြောင်း၊ ကျောင်းနေအရွယ် သားတို့ သမီးတို့အနေဖြင့် မိဘနှင့် ဆရာသမားတို့၏ ယုံကြည်မှုကို အလွဲသုံးစားပြု၍ တန်ဖိုးမဲ့တဲ့ဘဝပိုင်ရှင်မဖြစ်ကြစေရန် မိမိကိုယ်ကို ထိန်းကျောင်းရမှာဖြစ်ကြောင်းနှင့် အနာဂတ်သားကောင်းရတနာများဖြစ်သည့် ကျောင်းသား/သူများအနေဖြင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ ဗလငါးတန်နှင့် ပြည့်စုံသည့်သူများ ဖြစ်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိက မိုးကြိုကာလ၌ ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ လေးပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန် ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြုလုပ်သည့် ဉာဏ်စမ်းများ၊ စကားပုံအမေး အဖြေများကို တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူ များအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

လှဝင်း