မုံရွာ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ခတက္ကန်တောင်ကျေးရွာ၊ ဗောဓိတထောင်နယ်မြေ အတွင်းရှိ ဖိုးခေါင်တောင်တန်းနှင့် ကျောက္ကာတောင်တို့တွင် သဘာ၀တောကျန်အဖြစ် ထိန်းသိမ်းထားသော ဧက (၁၀၀၀) ဧရိယာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကွက်လပ်ဖြည့် စိုက်ခင်းများအဖြစ် အပင် (၃၅၀၀) ကို စိုက်ပျိုးပေးသွားရန် စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။
“သဘာ၀တောကျန်တွေကို ထိန်းသိမ်းတဲ့အပြင် ဧရိယာအတွင်းမှာ ကွက်လပ်ဖြစ်နေတဲ့ နေရာတွေမှာလည်း ပြန်လည်စိမ်းလန်းလာစေဖို့ ကွက်လပ်ဖြည့် စိုက်ခင်းတွေကို တည် ထောင်ပေးတာဖြစ်တယ်၊ ကွက်လပ်ဖြည့်စိုက်ခင်းတွေမှာ စိုက်တဲ့သစ်ပင်တွေက အမြင့် (၂) ပေနဲ့အထက်ရှိတဲ့ ပျိုးပင်ကြီးတွေကို စိုက်တာ ဖြစ်တဲ့အတွက် အောင်မြင်ဖြစ် ထွန်းတဲ့ ရာခိုင်နှုန်း ပိုပြီးများတယ်၊ စိုက်ပျိုးပြီးရင်လည်းဌာနက ဝန်ထမ်းတွေက အမြဲပြန်လည်ကြည့်ရှုပြီး သေဆုံးအပင်တွေရှိရင်လည်း ပြန်လည်ဖာထေး စိုက်ပျိုးပေးတယ်၊ ကွက်လပ်ဖြည့် စိုက်ခင်းတွေတည်ထောင်စိုက်ပျိုးနိုင်ဖို့ ပျိုးပင်တွေစုဆောင်းပြီးပြီ၊ စိုက်မဲ့နေရာတွေကို ကွင်းဆင်းကြည့်ရှုပြီး သစ်ပင်ကျင်းတူးဖို့ ပန္နက်ရိုက်တာ လုပ်ဆောင်နေပြီ၊ ဆက်ပြီးတော့ ကျင်းတူးတာ၊ မြေဆွေးထည့်တာတွေ လုပ်ဆောင်မယ်၊ မိုးရာသီရောက်တာနဲ့ အမြန်ဆုံး စိုက်ပျိုးပေးသွားမှာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး က ပြောသည်။
ဗောဓိတထောင်ဒေသ စိမ်းလန်းစိုပြည်စေရန် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းကို ဒေသနှင့် ကိုက်ညီပြီး ကြီးထွား ရှင်သန်မှုအားကောင်းသော အမြင့်(၂)ပေနှင့်အထက်ရှိ ပဲချယ်ရီ(၁၅၀၀) ပင်၊ မြန်မာကုက္က်ိုလ်(၁၀၀၀)ပင်နှင့် တမာ(၁၀၀၀)ပင်တို့အား စိုက်ပျိုးပေး သွားမည် ဖြစ်သည်။
ဝင်းဦး(ဇေယျာတိုင်း)