တိုင်းဒေသကြီးဝန်ကြီး စစ်ကိုင်းမြို့ ကုတင်(၂၀၀) ဆံ့ ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများ ကုသပေးနေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်း နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးဦးသည် လွှတ်တော် ကိုယ်စား လှယ်များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းကုတင်(၂၀၀)ဆံ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများ ဆေးကုသနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာ စစ်ကိုင်းမြို့ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါ်စုစုထွန်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ဆေးကုသပေးနေမှုအခြေအနေများနှင့် ပိုးတွေ့လူနာများ များပြားလာသည့် အတွက် ယခင်ဖျားနာဆောင်ကြီးရှိ အမျိုးသမီးဆောင်ကို အသုံးပြုနေရာမှ ယခုအမျိုးသားဆောင်မှ ရိုးရိုး လူနာများကို ဆေးရုံအတွင်းရှိ မျက်ခမ်းစပ်ဆောင်သို့ ပို့ထားကုသပြီး ရောဂါပိုးတွေ့လူနာ များအတွက် ဖျားနာဆောင်တစ်ခုလုံး အသုံးပြုသွားမည်ဖြစ်ကြောင်း လူဦးရေအနေဖြင့် ပိုးတွေ့လူနာ(၄၀)ဦးခန့် ကုသနိုင်မှာ ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြပေးခဲ့သည်။

ဆက်လက်၍ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသော်တာထက်က မိမိတို့ဌာနအနေဖြင့် ပြည်သူများ ကျန်းမာရေးအသိရှိစေရန် ဆောင်ရွက်ပေးခဲ့သည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်ခိုင် ထွန်းက စစ်ကိုင်းမြို့နယ်အတွင်း Quarantine ထားရှိသည့်နေရာအခြေအနေများ၊ အရေးပေါ် ပိုးတွေ့လူနာ တွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်နိုင်ရေး အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ထားရှိသည့် အခြေအနေများ၊ ရောဂါပိုးတွေ့ လူနာများနှင့်ထိစပ်သူပြည်သူများ အချိန်မီ Quarantine ဝင်နိုင်ရေးတို့အတွက် ဆောင်ရွက်ထားရှိမှုများ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ဇော်မြင့်နိုင်