ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရာတွင် အသုံးပြုရန်အတွက် Mask, Face Shield နှင့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း မှ စ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးအတွင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ဖြန့်ဝေပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးသိန်းမြင့်ဦးဆောင်၍ သူနာပြုဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်လာရောက်ကြသည့် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask အခု(၇၀၀)၊ မျက်နှာကာ (Face Shield) အခုရေ(၁၅၀)နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးပြီး၊ Mask စနစ်တကျ တပ်ဆင်ရေး၊ မကြာခဏ လက်စနစ်တကျ ဆေးကြောရေး၊ ရောဂါကာကွယ်၊ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ကြေညာသည့် ကျန်းမာရေးလမ်းညွှန်ချက်များအား အသိပညာပေး လိုက်လံ ပြော ကြားပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)