တံတား ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ အများပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့် တစ်ဦး စာပေဗဟုသုတများ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖက်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသည့် “အတွေးအကြုံနှင့် အတွေးအကြံ” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Book Club) အဖွဲ့ဝင် ဒေါ်အေးမြတ်မွန်မှ“အတွေ့အကြုံနှင့် အတွေးအကြံ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီးနောက် (Book Club) အဖွဲ့ဝင် ဒေါ်ခိုင်ဇာခြည်မှ “အတွေးအမြင်သဘောထားကြီးရင့်မှု” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် လူမှုဆက်ဆံရေးနယ်ပယ်တွင် အတွေးအမြင်၊ အယူအဆတို့၌ သဘောထားကြီးရင့်မှုသည် အရေးပါလှကြောင်း၊ သဘောထားကွဲလွဲမှုများကြောင့်တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ထိုးနှက်တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ တစ်ဖက်သား၏စကားကို ကျိုးကြောင်းသေချာနားလည်အောင်ကြိုးစားကြခြင်းမှာ ကောင်းသောလက္ခဏာဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း နှစ်သက်ရာခေါင်းစဉ်ဖြင့် ဝိုင်းဝန်းဆွေးနွေကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)