ဆင်ပေါင်ဝဲမြို့နယ် ကျွန်းကျေးရွာ၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ဆင်ပေါင်ဝဲ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကွန်းကျေးရွာ၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လယ် ၂ နာရီအချိန်က ရွာလယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က ပြည်သူများအနေဖြင့် မြစ်ရေမြင့်တက်မှုကို သတိပြုစောင့်ကြည့် ရန်လိုအပ်ကြောင်း၊ ​အရေးပေါ်ရွှေ့ပြောင်းနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ပြောင်းရွှေ့ရန်ဌာန တာဝန်ရှိသူများက သတိပေးလာပါက ချက်ချင်းပြောင်းရွှေ့ရန် လိုအပ်ကြောင်း၊ ယာယီခိုလှုံရန်အတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များကို ပြောင်းရွှေ့နိုင်ရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေနွေးပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက လုံခြုံရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်

ဦးစီးမှူးက အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်များကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန မြိုနယ်ဦးစီးမှူးက သဘာဝဘေးဖြစ်လာပါက ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရေဘေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာသား/သူများ တက်ရောက်ခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရေဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)