ကျောက်တံတား နိုဝင်ဘာ ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီး ဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်း(၇)နာရီမှ (၁၀)နာရီထိ ရပ်ကွက်များ အတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်းရှိ အမှတ်(၁)၊ (၂)၊ (၃)(၄)၊ (၅)ရပ်ကွက်များ (ပန်းဆိုတန်းလမ်းနှင့် ဆိပ်ကမ်းသာလမ်း) တွင် ကြက်သားစျေးကား၊ ဆိတ်သားစျေးကား၊ အမဲသားစျေးကား၊ ငါး၊ ပုဇွန်၊ ပင်လယ်စာစျေးရာင်းကား၊ ဆီကား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥစျေးကား၊ ဟင်းသီးဟင်းရွက် စျေးရောင်းကားစသည့်ဖြင့် စုစုပေါင်း ကား(၆)စီးဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များအား ဝယ်ယူရရှိနိုင်ရေး၊ မိမိတို့နေအိမ်အနီးမှာ ပင်ဝယ်ယူ ရရှိနိုင်ရေးရန် ရည်ရွယ် ကာ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ