သဲကုန်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ရှိပြီး စာပေနှင့်ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတများစွာ တိုးပွားလာစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်နှင့် ဖတ်မှတ်စွမ်းရည် မြှင့်မားလာစေရန်၊ စာဖတ်ရာတွင် အဖြတ်အတောက် မှန်ကန်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အ.မ.က (တပ်)၊ အ.မ.က (ညောင်ကုန်း)၊ အ.မ.က (ပေါက်တော)တို့မှ ကျောင်းသား/ကျောင်းသူများက ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တစ်ဦးချင်း ဖတ်ကြားမှု အကောင်းဆုံးဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ် စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)