ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် သန်လျင်မြို့မဈေးကြီးအတွင်းဆောင်ရွက်

သန်လျင် နိုဝင်ဘာ ၁၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ သန်လျင် မြို့နယ်အတွင်းရှိဈေးများ၊ဈေးဆိုင်များ၊ ဈေးဝယ်သူများနှင့် ဈေးကြီးကြပ်ရေး ကော်မတီများ လိုက်နာရမည့်အချက်များအား အသိပညာပေးပွဲကို ယမန်နေ့နံနက် ၈နာရီတွင် သန်လျင်မြို့မဈေးကြီး၌ ကျင်းပသည်။

အဆိုပါ အစီအစဉ်တွင် ဈေးဝယ်သူများအတွက် သတိပြုလိုက်နာရမည့်အချက်၇ချက်၊ ဈေးရောင်းချသူများအတွက် သတိပြုလိုက်နာရမည့်ချက် ချက်၊ ဈေးကြီးကြပ်ရေး ကော်မတီများ ဆောင်ရွက်ရမည့် အချက် ၄ ချက်တို့အား လက်ကိုင်အသံချဲ့စက် များဖြင့် အသိပညာပေးခြင်း၊ ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များက ဈေးဝယ်လာသူများ ဈေးရောင်းချသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်များအသုံးပြု၍ သတ်မှတ် အကွာအဝေးမှ ဈေးဝယ်စေခြင်း၊ နှာခေါင်းစည်းနှင့် Face Shield မဖြစ်မနေ တပ်ဆင်အသုံးပြုရေး တို့ကို လိုက်လံဆောင်ရွက်ပေးကြသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဈေးနှင့်ပတ်သတ်သော ညွှန်ကြားချက်များ ဆောင်ရွက် ထားရှိမှုကို ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်နှင့်ကော်မတီဝင်များက လိုက်လံကြည့်ရှုရာ မြို့နယ်ကိုဗစ်ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဈေးအတွင်း ဆောင်ရွက် ထားရှိမှုများအား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

သန်းဝင်း (သန်လျင်)