လှိုင်းဘွဲ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက် နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ကဒိုင်းပြကျေးရွာအထကခွဲကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဦး ကလှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်၍ မြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးရဲ တပ်ဖွဲ့ဝင်များကပူးတွဲ၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲရုံ(၁၇၆)ရုံ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူး ရဲတပ်ဖွဲ့ဝင်(၁၇၆)ဦးအား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဦး၊ မြို့မစခန်းမှူးဒုရဲမှူး အောင်ကျော်မိုး၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးလှိုင်ထွေးတို့က မြန်မာနိုင်ငံရဲ တပ်ဖွဲ့၏ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်