လှည်းကူး နိုဝင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေသူများအတွက် တစ်နေ့တာ မီးဖိုချောင်သုံး ဟင်းသီး ဟင်းရွက်သီးနှံများကို လိုသလောက်ယူ ကြိုက်သလောက်လှူ စနစ်ဖြင့် အခမဲ့ပေးဝေ ခြင်းကို နေ့စဉ် ညနေ(၃)နာရီမှစတင်ကာ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဖောင်ကြီးအနောက် အုပ်ချုပ် ရေးမှူးရုံးရှေ့ တွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါ အခမဲ့ပေးဝေခြင်းကို ဖောင်ကြီးပရဟိတဈေးတန်းမှ အလှူရှင်များကိုယ်စား လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့/အနောက်ကျေးရွာများရှိ အခြေခံလူတန်းစားများ အတွက် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံများကို လိုသလောက်ယူ ကြိုက်သလောက်လှူစနစ်ဖြင့် နေ့စဉ် ညနေ (၃)နာရီမှစတင်ကာ ကိုဗစ်-၁၉ ကူးစက် ရောဂါကာလအတွင်း မိသားစုစားဝတ်နေရေး အဆင်ပြေချော့မွေ့ စေရန် ရည်ရွယ်၍ အခြေခံ လူတန်းစား များထံ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်သီးနှံများဖြစ်သည့် ကန်ဇွန်းရွက်၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ငရုပ်ပွ၊ သခွာသီးစသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးတို့ကို အလှည့်ကျစနစ်ဖြင့် နေ့စဉ်အိမ်ထောင်စု(၂၅၀)စု၊ ဘုန်းတော်ကြီး ကျောင်း(၅)ကျောင်း၊ Lock down ချမှတ်ထားသည့် အိမ်ထောင်စု(၁၅)စုနှင့် သက်ကြီးရွယ်အိုဘိုးဖွား(၁၅)ဦးတို့ထံ အခမဲ့ပေးဝေလျက်ရှိ ကြောင်း သိရသည်။
ဒီဈေးတန်းလေးဟာ အလှူရှင်တွေရဲ့မတည်လှူဒါန်းမှုနဲ့ ဖောင်ကြီးပရဟိတဈေးတန်းက တာဝန်ရှိသူတွေက ရပ်ကွက်/ကျေးရွာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးစီစဉ်ဖြစ်ခဲ့တာပါ၊ လောလောဆယ်တော့ ကိုဗစ်-၁၉ရောဂါကာလမှာ မိသားစုစားဝတ်နေရေး အခက်အခဲ မရှိအောင် ဒီအစီအစဉ်လေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာပါ၊ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်သီးနှံများကို လိုသလောက် ယူ ကြိုက်သလောက်လှူစနစ်နဲ့ ဆောင်ရွက်တဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် တစ်ဦးနှင့်တစ်ဦးကို ခြောက်ပေခွာ တန်းစီးခိုင်းတယ် ဟင်းသီးဟင်းရွက်တွေ မယူခင် Hand Gelနဲ့ လက်ကိုဆေးကြော သန့်စင်ပေးပြီးမှ ယူခိုင်းတယ်၊ ဒီဈေးတန်းလေးကနေ အခြေခံ စားသောက်ကုန်ပစ္စည်း (၅)မျိုးကို နေ့စဉ် အလှည့်ကျစနစ်ဖြင့် အိမ်ထောင်စု (၂၅၀)လောက်ကို အခမဲ့ပေးဝေဖြစ်ပါတယ်၊ အသားငါး အလှူရှင်တွေကတော့ နည်းတာပေါ့ တစ်ခါတစ်လေ အသားငါးအလှူရှင် ပေါ်ပေါက်တဲ့အခါ အသားငါး တွေကို အလှူရှင်တွေကိုယ်စား အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးနဲ့အတူ ထည့်ပြီးလှူ ဖြစ်ပါတယ်၊ အလှူရှင်တွေလည်း များများပေါ်ပေါက်လာစေလို့ ဆုတောင်းပေးပါတယ်၊ အလှူရှင်တွေအနေနဲ့ ဒီပရ ဟိတဈေးတန်းလေးမှာ လာရောက်လှူချင်တယ်ဆိုရင် သဘာဝဓမ္မဂယာတရားရိပ်သာမှ ဦးဆောင် ဆရာတော် ဉူးပညာနန္ဒ ၀၉၇၉၄၅၉၁၄၆၆၊ ၀၉၄၅၀၃၂၀၁၃၁၊ ၀၉၄၂၁၀၆၁၉၅၈ ဖုန်းနံတွေကို ဆက်သွယ် လှူဒါန်းနိုင် ပါတယ်ဟု ဖောင်ကြီးပရဟိတဈေးတန်းမှ တာဝန်ခံ ကိုတင်မိုးကပြောကြားခဲ့သည်။
ဒီဈေးတန်းလေးစတင်ဖြစ်ပေါ်တယ်ဆိုတာက ကိုဗစ်-၁၉ ရောဂါကာလမှာ Lock Down ချတာ တွေရှိတယ်၊ နောက်ပြီးတော့ Stay at home ချတာတွေရှိတယ် ဒီကြားထဲမှာ အခြေခံလူတန်းစား လက်လုပ်လက်စားသမားတွေအတွက်တော့ အလုပ်လက်မဲ့ ဖြစ်လာတဲ့အတွက် တော်တော်အဆင်မပြေဘူး ဒါနဲ့ ပထမဦးဆုံးအိမ်ရှေ့မှာ ကန်ဇွန်းရွက် အစီး(၅၀)လောက်ဝယ်ပြီးတော့ အရင်လှူကြည့်တယ်၊ အဲဒီအခါမှာ စားသုံးသူတွေ ကလည်း လှူနေတာတွေ့တော့ ရောက်လာကြတယ်၊ တစ်နေ့တာ လှူဒါန်းတာတွေကို လိုင်းပေါ်မှာတင်ကြည့်တယ် အလှူရှင်တွေက အဲဒီအစီအစဉ်လေး ကိုမြင်ပြီး သဘောကျလာတယ်၊ တဖြေးဖြေးနဲ့အလှူရှင်တွေပေါ်ထွက်လာတာပေါ့၊ ဥပမာ ကြက်ဥအလှူရှင်လိုအပ်တဲ့အခါမှာဆိုရင်လည်း လိုင်းပေါ်ကနေ အလှူရှင်တွေကို ဖိတ်ခေါ်ရတာပေါ့၊ ဒီအစီအစဉ်အလေးကို ကိုတင်မိုးက တွေ့ပြီးတော့ သူကလည်းစိတ်ပါဝင်စားလာတယ် ဒါနဲ့ဖောင်ကြီးဒေသအခြေခံလူတန်းစားများအတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲစဉ်းစားပြီးတော့ ခုလိုပရဟိတဈေးတန်းလေးကို အကောင်အထည်ဖော် ဆောင်ရွက်ဖြစ်ခဲ့ တာပါဟု ဖောင်ကြီးအနောက် ကျေးလက် ကျန်းမာရေးဌာနမှ ဒေါ်နန်းနီလာဌေး (ဘက်စုံသားဖွားဆရာမ) က ပြောကြားခဲ့သည်။
နိုင်လင်း(လှည်းကူး)