ဘားအံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ဘားအံ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အထူးရဲများအား ရဲချုပ်၏ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန်းဝင်းက ဘားအံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်၍ မြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးရဲ တပ်ဖွဲ့ဝင်များက တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထူးရဲ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများကို ပေးအပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲရုံ(၂၃၀)ရုံ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်(၂၃၀)ဦးအား ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန်းဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)