ဒိုက်ဦး နိုဝင်ဘာ ၁၆
၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တတိယ အကြိမ်မြောက်ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးရဲတပ်ဖွဲ့ဝင်အဖြစ် (၁.၁၀.၂၀၂၀မှ ၁၅.၁၁.၂၀၂၀) ရက်နေ့အထိ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ကို ထမ်းဆောင်ခဲ့ကြသော အထူးရဲ (၁၇၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့စခန်းရှိ ဓမ္မာရုံ တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသိန်းဇော်က ဂုဏ်ပြုအမှာစကားပြောကြားရာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလအောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ရက်နေ့ထိ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော ဒိုက်ဦး မြို့နယ် ၅၃ အုပ်စုရှိ မဲရုံ ၁၇၂ ရုံမှ အထူးရဲ ၁၇၂ ဦးအား ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၏မူဝါဒ၊ သဘောထားများအား သဘောကျ၍ ရဲတပ်ဖွဲ့သို့ ဆက်လက် ဝင်ရောက်လိုပါက သတ်မှတ်စည်းကမ်းနှင့်အညီ လက်ခံ ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက ရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင် ခဲ့သော အထူးရဲများတစ်ဦးချင်း ဂုဏ်ပြုမှတ်တမ်းများပေးအပ်ကာ အမှတ်တရ ဓာတ်ပုံ စုပေါင်း ရိုက်ကူးခဲ့သည်။
ကျော်ကျော်(ဒိုက်ဦး)