ပြည်သူမှ ပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် ဒလမြို့နယ်ရှိ နွမ်းပါးအိမ်ထောင်စု ၂၀၀ အား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ဒလ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း အခြေခံ လက်လုပ်လက်စားပြည်သူများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများအား ပြည်သူမှ ပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့် We Love Yangon မှ အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ညောင်ကုန်းရပ်ကွက်ရှိ နွမ်းပါးအိမ်ထောင်စု ၂၀၀ အား အခြေခံ စားသောက်ကုန်များကို လာရောက်လှူဒါန်းပေးခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် အလှူရှင်များကိုယ်စား We Love Yangon မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ အဖွဲ့ဝင်(၁) ဦးကျော်လင်းနှင့် တာဝန်ရှိသူများသည် ညောင်ကုန်းရပ်ကွက်  မေခလမ်းမကြီးနှင့် ကန်ပတ်လမ်းထောင့်ရှိ  နွမ်းပါး အိမ်ထောင်စု ၂၀၀ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည်၊ အချိုရည် တစ်ကဒ်၊ ခေါက်ဆွဲခြောက် ၁၅ ထုပ်၊ ငါးသေတ္တာ ၃ ဘူး စသည့် တန်ဖိုးငွေကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိသော အခြေခံ စားသောက်ကုန်ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့အနေဖြင့် ပြည်သူမှ ပြည်သူသို့ မျှဝေရေးအစီအစဉ်ဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒလမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း ပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)