ကွမ်းခြံကုန်း နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများတွင် သီတင်းသုံး နေထိုင်တော်မူသော သံဃာတော် အရှင်သူမြတ်များနှင့် သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေးများ ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရန် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)၊ သူနာပြု တပ်ဖွဲ့ဝင်များက ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန် လှူဖွယ်ပစ္စည်းများကို ယမန်နေ့ ညနေပိုင်းတွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုကို ရန်ကုန်တိုင်း ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ သူနာပြုတပ်ဖွဲ့ဝင်များက မြို့ပေါ် ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်း နှင့် သီလရှင်ကျောင်း (၂) ကျောင်းတို့အား တစ်ကျောင်းလျှင် ဆွမ်းဆန်တော်(၂၄)ပြည် ၊ ဆီ (၁၀) ပိဿာ၊ ဆား (၁) အိတ်၊ ကုလားပဲ (၁၅) ပိဿာ၊ အာလူး ( ၁၅ )ပိဿာ၊ ကြက်သွန်နီ ( ၁၅ )ပိဿာ၊ ခေါက်ဆွဲခြောက် (၃) ဖာ ၊ ကော်ဖီမစ် (၃) ပါကင်၊ ဆေးမျိုးစုံ ၊ လက်သန့်ဆေး ၊ နှာခေါင်းစည်း (mask) တို့ကို တစ်ကျောင်းချင်းစီအရောက် သွားရောက် လှူဒါန်းခဲ့ကြသည် ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ရဟန်း၊ သံဃာတော်များ၊ သီလရှင် ဆရာကြီး၊ ဆရာလေး များအနေဖြင့် ကျောင်းတိုက်အတွင်းသာ သီတင်းသုံး နေထိုင်ရသောကြောင့် ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်မောင် (စန္ဒီဘယဆေး) မှ ဦးဆောင်၍ စီစဉ်လှူဒါန်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ အသင်း(ခွဲ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)