ကျောက်တံခါး နိုဝင်ဘာ ၁၆
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် အ−ထ−က(ကျောက်တံခါး)တွင် ယာယီဆေးခန်းဖွင့်လှစ်၍ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကုသဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ ပိုင်းက ပိုးကင်းစင်၍ဆေးရုံမှဆင်းခွင့်ရရှိသူ (၇)ဦး ဖဒိုတိုက်နယ်ဆေးရုံမှ ပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၃)ဦး စုစုပေါင်း(၁၀)ဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
အ−ထ−က(ကျောက်တံခါး) ဆေးကုရေးစင်တာမှ ပိုးကင်းစင်၍ဆေးရုံမှဆင်းခွင့်ရရှိသူ (၇)ဦး အား မြို့နယ်လက်ထောက်ဆရာဝန်ဒေါက်တာထူးညီညီမှ ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ အခြေအနေနှင့် ပတ်သက်၍လည်ကောင်း၊ ကျောက်တံခါးမြို့နယ်တွင်ကိုဗစ်-၁၉ ပိုးတွေ့ လူနာပေါင်း (၁၈၂)ကို ပဲခူး ကလိ ဆေးရုံကြီးနှင့်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများတွင် ပိုးတွေ့ လူနာများအား ဆေးကုသ ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၇၃)ဦး အထိရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် ဆေးကုသမှု ခံယူနေသူမှာ (၉)ဦးသာ ကျန်ရှိကြောင်း၊ ယခုဆေးရုံဆင်းသူများသည် နေအိမ်တွင်(၇)ရက် စောင့်ကြည့် နေထိုင် သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအတိုင်း ပြည်သူများမှလည်းအလေးထား လိုက်နာဖို့ လိုအပ်ကြောင်းပြောကြားခဲ့ပြီး ပိုးကင်းစင်သူ လူငယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများ၊ အလှူရှင်များနှင့် ကျောက်တံခါးမြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းကော်မတီအဖွဲ့များမှ လှုဒါန်းသော အာဟာရအားဖြည့် စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပိုးကင်းစင်သူ(၇)ဦးအား အသီးသီး ထောက်ပံ့ပေးအပ်ပြီး မော်တော်ယာဉ်များဖြင့် နေရပ်အသီးသီးသို့ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)