သရက်မြို့ ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်အိုးနှင့် ပိုက်လိုင်းတပ်ဆင်ရန် အလှူငွေများ လှူဒါန်း

သရက် နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊  သရက်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ လူနာများအတွက် အောက်ဆီဂျင်အိုးနှင့် ပိုက်လိုင်းတပ်ဆင်ရန်  အလှူငွေများလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီက သရက်မြို့ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် သီးခြားလူနာကုသဆောင်တွင်တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ ပိုးတွေ့ လူနာများအနက်‌ အောက်ဆီဂျင်လိုအပ်သောလူနာများ အဆင်ပြေစွာ အသုံးပြုနိုင်ရေး အတွက်  အလှူငွေကျပ် (၂၁) သိန်းကို အလှူရှင် ဦးကျော်ဝဏ္ဏသွင်၊ ဦးလှမိုးနှင့် ဒေါ်နန်းဥမ္မာသွင် မိသားစု တို့၏ လှူဒါန်းမှုအား အကျိုးဆောင်များမှ ပေးအပ်လှူဒါန်းရာ သရက်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်က လက်ခံရယူပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ခဲ့သည်။

ပြည်သူ့ ဆေးရုံ၌ (၄၀) လီတာဆန့် အောက်ဆီဂျင်အိုး (၆) အိုးနှင့် ပိုက်လိုင်းသွယ်တန်းမှု လုပ်ငန်းအား သရက်မြို့ရှိ အောက်ဆီဂျင်လုပ်ငန်းရှင်များ၏ လုပ်အားဒါနဖြင့် အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)