(၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဒလ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ဒလမြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲကို အ.ထ.က(၂) ကုမုဒြာခန်းမ၌ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(၂) အထက်တန်းပြ မြန်မာစာဆရာမ ဒေါ်ခင်ခင်သိန်းက အာဇာနည်ခေါင်းဆောင်ကြီးများလို မျိုးချစ်စိတ်ဓာတ် ရှင်သန်နိုးကြားလာစေရန်နှင့် နိုင်ငံ့အကျိုးသယ်ပိုးနိုင်သော ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်၊ အာဇာနည်နေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင် (၉) ဦး၏ အတ္ထုပ္ပတ္တိ အကြောင်းကို ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ပညာ​ရေးစစ်ကြောင်း အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူ (၁၅၆) ဦးတက်ရောက်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြသည်။

ဒလမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ အထက်တန်းအဆင့် အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

အေးမြမိုး