တမူး နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ဘက်စုံစံပြကျေးရွာဖြစ်သော ဟဲဇင်းကျေးရွာတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က CERP အစီအစဉ်ဖြင့်စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များမှ တောင်သူ ဦးမောင်ဝင်း၏ ကွင်းအမှတ် ၂၅၃ ၊ စိုက်ပျိုး ဧက(၃)ဧကတွင် SRI စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် မှော်ဘီ-၂ မျိုးစပါးအား စံကွက် ရိတ်သိမ်းခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးနှင့် ဝန်ထမ်းများ၊ တမူးမြို့နယ် စက်မှုလယ်ယာဦးစီးမှူး ဦးဆန်းလင်းထွန်း၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဟဲဇင်းကျေးရွာ အုပ်စု မြေတိုင်း-၄ ဦးသီဟပိုင်ကို၊ ဟဲဇင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် တောင်သူများမှ (၆.၆)ပေ ပတ်လည် စံကွက် (၃)ကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျင် အစို ပျမ်းမျ (၁၁၅)တင်း ထွက်ရှိခဲ့ပြီး တက်ရောက်လာ ကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ SRI စိုက်ပျိုးနည်း စနစ်များကို အသိပညာပေး ဆွေးနွေးခဲ့သည်။
တမူးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် မိုးစပါး မျိုးစေ့ထုတ် (၁၆၀)ဧကစိုကိပျိုးထားပြီး SRI စိုက်ပျိုးနည်း စနစ်ဖြင့် (၂၀) ဧကစိုက်ပျိုးထားကြောင်း တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးထံမှ သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)