ရှမ်းရွာသစ် ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား/သူများ မြန်မာနိုင်ငံ၏သမိုင်းကြောင်းများကို သိရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့သတိရစေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏သမိုင်းတွင် ထူးခြားသောနေ့များကို မှတ်တမ်းတင်ထားခဲ့ပြီး အာဇာနည်နေ့သည်လည်း မြန်မာသမိုင်းတွင် နေ့ထူးနေ့မြတ်အဖြစ် မှတ်တမ်းတင်ခံရသည့်နေ့တစ်နေ့ ဖြစ်ကြောင်း၊ အခြားနေ့ထူးနေ့မြတ်များတွင် မြန်မာပြည်သူပြည်သူသားတို့မှာ ပျော်ရွှင်ချမ်းမြေ့ခြင်း ပီတိအဟုန်ကို ခံစားရသော်လည်း ဤနေ့သည်ကား ပြည်သူအားလုံး စိတ်နှလုံးညှိုးချုံးရသောနေ့ဖြစ်ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအား ချစ်ခင်ကြည်ညိုသောစိတ်ဖြင့် ဝမ်းနည်းပူဆွေးနေကြသော်လည်း ထိုစိတ်ကို အားမာန်အဖြစ် ပြောင်းလဲပြီး ခေါင်းဆောင်ကြီးများ အသက်နှင့် လဲလှယ်၍ ယူခဲ့ရသည့် လွတ်လပ်ရေးကြီး တည်မြဲရန် ကျောင်းသား/သူများက ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးရာဇာအောင်က အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိဆိုင်ရာများနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိဆိုင်ရာအကြောင်းအရာများ၊ နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းများနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)