ဘားအံ နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် ၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်ချောမွေ့စေရေးဝန်ဆောင်မှုပေးနေသော ဘားအံမြို့ နှင့် အနယ်နယ်အရပ်ရပ်သို့ သွားလာနေသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စဉ်ဆက်မပြတ် RDT test kit ဖြင့် ကိုဗစ် ၁၉ ပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိသည်။
တန်(၉၀၀)ဘိလပ်မြေစက်ရုံတွင် RDT test kit ဖြင့် ကိုဗစ် ၁၉ စစ်ဆေးမှုခံယူနေသော ရွှေမြန်မာယဉ်လိုင်းမှ ယာဉ်နောက်လိုက်ကိုသက်ထွန်းအောင်က ရန်ကုန်ကနေပြီးပြန်လာ တာ အခုဘားအံသွားမယ် ဘားအံကနေပြီး မြဝတီကို ပြန်တက်မှာပါ၊ ကိုဗစ် ၁၉ ကာလမှာ အခုလို စစ်ဆေးမှုခံယူတာကတော့ ၆ ကြိမ်ရှိပါပြီ၊ စစ်ဆေးပေးတဲ့သူတွေကလည်း အများနဲ့လုပ်ရတယ် ကိုယ်တွေလည်းအများနဲ့ အစစ်ခံရတာဆိုတော့ ကောင်းပါတယ်လို့ဘဲ ပြောရမှာပေါ့နော်၊ အခက်အခဲ အနေနဲ့ကတော့ ၃ ရက်စာ ထောက်ခံစာလေးနဲ့ဘဲ သွားလာနေရတဲ့အခါကျတော့ တစ်ခါတစ်လေ ကျွန်တော်တို့က ရက်ကျော်တာတွေ ကန့်သတ်ခံရတာတွေရှိတယ်၊ ရက်နဲနဲတိုးပေးမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်ထင် တယ် ဟု ပြောသည်။
ထိုသို့စစ်ဆေးပေးခြင်းကို အောက်တိုဘာလ ၄ ရက်နေ့မှစ၍ RDT test kit ဖြင့်စစ်ဆေးပေးခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် စုစုပေါင်း ၂၂၆၉ ဦးကို စစ်ဆေးပေးခဲ့ပြီး ၁၁ ဦးတွင် ကိုဗစ် ၁၉ ပိုးကို တွေ့ရှိခဲ့ ရကြောင်း၊ ယမန်နေ့နံနက်ပိုင်းတွင် တန်(၉၀၀)ဘိလပ်မြေစက်ရုံဘောလုံးကွင်း၌ ကုန်တင်ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက် ၃၇ ဦးကို စစ်ဆေးပေးခဲ့ရာ ယာဉ်မောင်းတစ်ဦးတွင် ကိုဗစ် ၁၉ Positive တွေ့ရှိခဲ့ရကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)