လိပ်သိုမြို့တွင် ဆင်းသုခစပါး အထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက်ရိတ်သိမ်း

လိပ်သို  နို၀င်ဘာ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့အတွင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့်  စိုက်ပျိုးဆောင်ရွက်လျက်ရှိသော  ဆင်းသုခစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် အထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါသည်။
ထိုသို့ ရိတ်သိမ်းခြင်းကို အမှတ် (၄) ရပ်ကွက်၊ ကွင်းအမှတ် (၉) ဦးပိုင်အမှတ် (၃၆/ခ) ရှိ တောင်သူ ဦးစောသိန်းကျော်၏ ဆင်းသုခစပါး မျိုးစေ့ထုတ် စိုက်ခင်းတွင် ယမန်နေ့ က စံကွက်ရိတ်သိမ်းရာ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သော်မြင့်နှင့် ၀န်ထမ်းများ၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၀န်ထမ်းများနှင့် တောင်သူများက စုပေါင်းရိတ်သိမ်းကြပြီး အနီး ပတ်၀န်းကျင် လယ်များမှ တောင်သူများ လာရောက်လေ့လာကြသည်။
အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းကို စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုအထွက် နှုန်း (၈၆) တင်းနှင့် အခြောက်အထွက်နှုန်း (၇၉.၉၈) တင်းနှုန်း အသီးသီးထွက်ရှိကြောင်းနှင့် စပါးမျိုးစေ့ထုတ်လုပ်ရာတွင် ထွက်ရှိလာသော စပါးမျိုးစေ့များအား ပြန်လည်ဖြန့်ဖြူး နိုင်ရေး အတွက်  လိုအပ်သည်များ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း လိပ်သိုမြို့ စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်သော်မြင့်ထံမှ သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)