မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသ

မုဒုံ ဇူလိုင် ၁၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.မ.က (အဲမွန်ဒယာ) စာသင်ကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မေဦးမှ အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုး စန္ဒာထွန်းက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးအန္တရာယ်နှင့် ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေး ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍ အသိပညာဗဟုသုတတိုးပွားနိုင်ရန် ကျောင်းစာအပြင် အခြားစာအုပ်စာစောင်များ လေ့လာဖတ်ရှုကြရေးနှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ပြောကြားသည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးပြီး ရုပ်ပြ၊ကာတွန်း၊ ပုံပြင် စသည့် အသိပညာတိုးပွားရေး စာအုပ်စာပေများ၊ အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၇၅) ဦးမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)