ကျောက်တန်းမြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး  ဈေးရောင်း/ ဈေးဝယ် များအား  Mask  တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်

ကျောက်တန်း  နိုဝင်ဘာ ၁၇


ကိုဗစ်-၁၉ရောဂါ ပျံ့ပွားမှုအား ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည့် Stay at Home ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ် စေရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးများတွင် စားသောက်ကုန်နှင့် သား ငါး အသီးအနှံများနှင့် ဆေးပစ္စည်း အရောင်းဆိုင်များကိုသာ ရောင်းချခွင့်ပြုထားပြီး အခြားဆိုင်များဖွင့်လှစ်ရောင်းချခြင်းမရှိစေရေးနှင့်  Mask  စနစ်တကျ တပ်ဆင်ရေး စစ်ဆေးမှုများကို ယနေ့နံနက် ၈ နာရီက  စည်ပင်သာယာမြို့မဈေးနှင့် ကားဂိတ် တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်တန်းမြို့ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ် သူများ၊ ကားဂိတ်များရှိ ခရီးသွားပြည်သူများအား Mask တပ်ဆင်ရေး အသိပညာ ပေးခြင်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြချက်များအား အလေးထားလိုက်နာကြရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask မပါသူများအား  Mask များအခမဲ့ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး  Mask  စနစ်တကျတပ်ဆင်ရေး ရှောင်တခင်စစ်ဆေးမှုများကို ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ခင်ဆွေဝင်း  (ကျောက်တန်း)