မင်းဘူး ဇူလိုင် ၁၃
မကွေးဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ အသိပညာဗဟုသုတတိုးပွားစေ၍ ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နန်းတော်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နန်းတော်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှ ကျောင်းအုပ်ဆရာကြီး ဦးချစ်လှက အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းကဆောင်ရွက်၍ စတင်ဆွေးနွေးသည့်အခါ Grade-11 မှ မနေရည်ဝေက လူငယ်နှင့်ကျန်းမာရေး၊ Grade-10 မှ မောင်ရဲရင့်ကိုကိုက လူငယ်နှင့်ပညာရေး၊ Grade-11 မှ မဆုလဲ့ထွန်းက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-10 မှ မောင်ဟိန်းထက်ပိုင်က လူငယ်နှင့်နည်းပညာ၊ Grade-11 မှ မောင်ထက်ဝေယံဦးက လူငယ်နှင့်အားကစားခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)