တာမွေ ဇူလိုင် ၁၄
“မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏ အနာဂတ် တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ ဦးဆောင်စီစဉ်မှုဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပညာဝေဖြာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ လှည်းကူးမြို့နယ်ရှိ ပညာဝေဖြာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း စုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ဟောပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု(၄၀)မှ ရဲမှူးသန်းထွဋ်က မူးယစ်ရာဇာတို့အနေဖြင့် လူငယ်ထုအတွင်းသို့ နည်းလမ်းအမျိုးမျိုး အသုံးပြု၍ မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချနေမှုများ၊ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအမျိုးမျိုး သုံးစွဲခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာဆုံးရှုံးရမှုများနှင့် ပတ်သက်၍ အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေး အသင်း(မြန်မာ) ဗဟိုမှ အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းက မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် HIV/ AIDS ရောဂါအပါ အဝင် ကူးစက်ရောဂါများအကြောင်းနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး ဟာသသရုပ်ဆောင် ဓာတ်ဘူး(မဟာဝိဇ္ဇာ မြန်မာစာ)နှင့် ပါကျဲ(ဘွဲ့လွန်ဒီပလိုမာ အင်္ဂလိပ်စာ)တို့က တက်ရောက်လာကြသူများအား ဟာသပညာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသပညာဖန်တီးမှုထူးချွန်ဆုရ ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များ အကြောင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်/အရက်သောက်သုံးခြင်းနှင့် ကော်ရှူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ထိခိုက်မှုများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး ပညာဝေဖြာ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဦးတင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပညာဝေဖြာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ ပညာဝေဖြာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် ဟောပြောပွဲတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ကျောင်းသား/သူများ လက်ဝယ်အရောက် လိုက်လံ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)