တောင်ငူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် ရပ်ကွက် (၂၇) ခုမှ အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၂၁၂) အား နိုင်ငံတော်အစိုးရမှ စတုတ္တအကြိမ်ထောက်ပံ့ငွေများ ပေးအပ်

 

တောင်ငူ နိုဝင်ဘာ  ၁၇

တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ အုပ်စုများမှ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ( ၃၄၂၁၇ ) ရှိရာ ရပ်ကွက် (၂၇) ခု မှ အိမ်ထောင်စုပေါင်း (၁၀၂၁၂) အတွက် နိုင်ငံတော် အစိုးရမှ စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်း တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသီဟဇော်တို့က အမှာစကားများ အသီးသီးပြောကြားသည်။

တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများ စား၀တ်နေရေး အဆင်ပြေစေရေး နိုင်ငံတော်အစိုးရမှ စတုတ္တအကြိမ် ထောက်ပံ့ငွေ တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ရပ်ကွက်ပေါင်း (၂၇) ခုမှ အိမ်ထောင်စု​ေပါင်း (၁၀၂၁၂) ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း  နှင့် တာ၀န်ရှိသူများက  သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ကြပြီ ကျန်ရှိသည့် ကျေးရွာအုပ်စု ၃၇ အုပ်စုမှ အိမ်ထောင်စုပေါင်း (၂၄၀၀၅) စု ကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ရာ၌အခြေခံလူတန်းစားပြည်သူများ၏ လက်ဝယ်အရောက် ပေးပို့ဆောင်ရွက် ရမည့် နည်းလမ်းများ ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)